ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်းပါ အသိပညာပေး မြေစိုက်ဘုတ်များစိုက်ထူ

ဇေယျာသီရိ မတ် ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများ အသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်းပါ “မိဘပြည်သူများသို့ အသိပေးကြေညာခြင်း” မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါအသိပညာပေး မြေစိုက်ဘုတ်တွင် အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောက်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁)မှ (၃-၁၁-၂ဝ၂၂)နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် (၁-၄-၂၀၂၂)ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများအား အသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာများတွင် လည်းကောင်း နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း၊ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)အား (၁.၄.၂၀၂၂)ရက်နေ့ နံနက် ၆ နာရီမှစ၍ ပြသစစ်ဆေး ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်းနှင့် ပြည်သူလူထုအားလုံးမှ လိုက်နာဆောင်ရွက်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း စသည့် အကြောင်းအရာများပါဝင်ပြီး ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူရုံးမှ ဦးစီးအရာရှိ ဦးစန်းလွင်နှင့် ရုံးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း