မက်မန်းမြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အသိပညာပေး ဟောပြောပွဲကျင်းပ

မက်မန်း မတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲကို မက်မန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နွေရာသီကာလ ကျောင်းပိတ်ရက်ကာလများအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်ကြစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးမည့် အသိပညာဗဟုသုတ တိုးပွားစေမည့် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ဖွင့်လှစ်ကျင်းပမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က ကျောင်းသား၊ ကျောင်းသူများသို့ လူငယ်နှင့် အနာဂတ်ကောင်းမွန်ရေး၊ မျိုးချစ်စိတ် ရှင်သန်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေး စသည့် ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။    

စိုင်းရွှေအောင်