နောင်တရား မတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၌ လုပ်ငန်းကျွမ်းကျင်ရေးနှင့် လုပ်ငန်းများတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်သည့် လိုင်းဝန်ထမ်းများ လျှပ်စစ်ကျွမ်းကျင် မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
အခမ်းအနားတွင် နောင်တရားမြို့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက် အင်ဂျင်နီယာ ဦးခွန်အောင်ကြီးက သင်တန်းမှ သင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့ ပညာရပ်များ ဆက်လက်တိုးတက်ရန် အမြဲလေ့ကျင့်သင်ယူနေရန်လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ပင်လောင်းမြို့၊ နောင်တရား်မြို့၊ ပေါင်းလောင်းမြို့နှင့် တီကျစ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လိုင်းဝန်ထမ်းသင်တန်းသား(၁၉)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)