တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေပေး

ကော့ကရိတ် မတ် ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်း ကော့ကရိတ်မြို့ အ.ထ.က (၁) ကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား  ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာ ကောင်း (၁၂) ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဆောင်းပါးနှင့်ကာတွန်းများ၊ ကဗျာများပါဝင်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)