ဗဟန်း လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ မျိုးဆက်သစ် လူငယ်လူရွယ်များနှင့် စာပေကိုချစ်မြတ်နိုးသော ပြည်သူများ စာပေကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာပေနှင့်ပိုမို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှ ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ ဗဟန်းမြို့နယ် Book Club အသင်းစာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗဟန်းမြို့နယ် စာရေးဆရာအသင်း၊ အတွင်းရေးမှူး ဦးချစ်(သရဲသမိန်)က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားရာတွင် စာပေမြှင့်မှ လူမျိုးတင့်မည်ဆိုသည့် စကားအတိုင်း၊ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ သန်လျင်မောင်မောင် ဦးရေးသားသည့် “ရွှေပုဂံပေါ်ကျသည့် မျက်ရည်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ၊ စာရေးသူ သန်လျင် မောင်မောင်ဦး ကိုယ်တိုင် မိမိရေးသားထားသည့် စာအုပ်အား ပြန်လည်ရှင်းလင်း ပြောကြားရာတွင်၊ စာအုပ်ရေးသားရသည့် ရည်ရွယ်ချက်၊ စာအုပ်ပါ အကြောင်းအရာများ၊ စာအုပ်အား ရုပ်ရှင်ရိုက်ကူးပြသခဲ့သည့် အခြေအနေများကို အသေးစိတ် ရှင်လင်း ပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းကို တက်ရောက်လာကြသော စာရေးဆရာများ ဖြစ်ကြသည့် ရန်နှောင်(ပညာရေး)၊ မောင်ချစ်(သူရဲသမိန်)၊ မောင်မြင့်အောင်၊ သက်ဝေမောင်တို့က စာအုပ်ပါ ရေးသားထားသည့် အကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသော စာပေဝါသနာရှင်များက အပြန်အလှန် မေးမြန်ဆွေးနွေးခဲ့ကြရာ၊ စာရေးဆရာ သန်လျင်မောင်မောင်ဦးက ပြန်လည်ရှင်းလင်း ပြောကြားပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)