ဟိုပန် မတ် ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးဆောင်၍ ပညာရေးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ မွန်းလွဲ ၃ နာရီအချိန်က ဟိုပန်မြို့နယ်၊ ရွှေဝါ ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ဟောပြောပွဲ ကို ကျောင်းသား/သူ လူငယ်များအား ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်လာစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ကိန်းအောင်းကြစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ "လူငယ်နှင့်ရည်မှန်းချက်" ၊"လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေး" ဆိုသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟိုပန်မြို့နယ် ရွှေဝါကျေးရွာ၊ အထက(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ် အေးမြမူက "လူငယ်နှင့် စာရိတ္တ" ဆိုသည့် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းပြ(နည်းစနစ်) ဒေါ်နန်းမျိုးသန္တာဦးက" လူငယ်နှင့် အားကစား " ခေါင်းစဉ်နှင့်နွေရာသီ အခြေခံအားကစား သင်တန်းဖွင့် လှစ်ပေးမည့် အခြေအနေများ ကိုလည်းကောင်း အသီးသီး ရှင်းလင်း ဟောပြော ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက် လာကြသည့် ကျောင်းသား/သူများကို ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင် များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)