မူဆယ်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မူဆယ် မတ် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က အမှတ်(၃)ကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ခရိုင်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူး က လူငယ်နှင့်စာရိတ္တ ကောင်းမွန်စေရေး၊ လူငယ်နှင့်ကျန်းမာရေး ဆိုင်ရာများ၊ ကျောင်းပိတ်ရက်များတွင် ကျောင်းသူ/သားများ စာအုပ်စာပေများကို ဆက်လက်လေ့လာရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချ တတ်စေရန်နှင့်   မျိုးဆက်သစ်များ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်နေစေရန် စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေး ဦးစီးမှူး ဦးအောင်ကိုမှ စနစ်သစ်  ပညာရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုင်ရာ အကြောင်းရာများကို ကျောင်းသားအချို့နဲ့ သရုပ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သွယ်သွယ်လှိုင် က နွေရာသီကျောင်းပိတ်ရက်များတွင် အားကစားသင်တန်း တက်ချင်သူများ လာရောက် လျှောက်ထားနိုင်ကြောင်း၊ အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများ၊ ကာယပညာ သင်ကြားရခြင်း၏ အကျိုးကျေးဇူးများရရှိပုံကို စသည့် အသေးစိတ် အချက်အလက် များဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများ မေးမြန်းပြောကြားခဲ့သော စိတ်ဓာတ်၊ စည်ကမ်း၊ ပညာ၊ ကျန်းမာရေးဆိုင်ရာ အပိုင်းများကို တက်ရောက်လာသော ကျောင်းသူ/ ကျောင်းသားများ မှလည်း ဖြေကြားခဲ့ပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားကစား နမူနာများ ပြသခြင်းကို ကျောင်းသား/သူ အချို့မှလည်း ဝင်ရောက်ကစားခြင်းနှင့် အေးရိုးဗစ်အကတို့ ဖြင့်လည်း ဖျော်ဖြေတင်ဆက်ခြင်းကို တက်ရောက်လာသော ကျောင်းသူ/သား များမှလည်း တစ်ခဲနက် အားပေးခဲ့ကြောင်း သိရသည်။

ဇင်မောင်(မူဆယ်)