နမ္မတူ မတ် ၁၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲကို မတ်လ (၁၉)ရက်နေ့ နေ့လည် (၂)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အမှာစကား ပြောကြား ရာတွင် ကျောင်းသား ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် ကလေးဘဝမှစ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ပညာဂုဏ်ပြည့်စုံဖို့ ကြိုးစားကြရန်၊ မိမိစာပေနှင့် မိမိလူမျိုးယဉ်ကျေးမှု ဓလေ့ထုံးစံများကို ချစ်ခင်လေးစားမြတ်နိုး တန်ဖိုးထားတတ်ရန်၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းထိမ်းစောင့်ရှောက်ကြရန်နှင့် ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ စာရိတ္တကောင်းမွန်ပြီး ရည်မှန်းချက်ပြည့်ဝ၊ ပညာတတ်ဖို့ကြိုးစားကာ အောင်မြင်ကြီးပွားကြဖို့ ကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ တာဝန်ခံ ဒေါ်နီလာဝင်းက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်ခင်ဝင်းက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းပြ ဆရာမ ဒေါ်အေးသီက စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းပြ ဆရာမ ဒေါ်ဖြိုးဖြိုးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးနှင့် ပညာရေးဝန်ထမ်းများ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)