မြဝတီမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဉာဏ်ပညာ တိုးပွားစေရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြဝတီ မတ် ၁၉

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာသကဲ့သို့ ကျောင်းသား၊ ကျောင်သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့မွန်းတည့် ၁၂ နာရီက ကရင်ပြည်နယ်၊  မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍   လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပေးသည်။

ဟောပြောပွဲတွင်   မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက   ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ယူမှုအပြင် ဘက်စုံထူးချွန်သည့်လူငယ်များဖြစ်စေလိုကြောင်း၊  စာပေဗဟုသုတတို့မှ လူငယ်များအတွက်လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများစွာ ရှိကြောင်းနှင့် ကျောင်းသာ ကျောင်းသူများသည် နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည် လူတော်၊ လူကောင်း များဖြစ်စေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက်  ခရိုင်ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်မာမာရီက  လူငယ်များအတွက် ပညာရေးသည်အဓိကဖြစ်ကြောင်း၊   ငယ်စဉ်မှစ၍ပညာ ကြိုးစားသင်ယူလိုကြောင်း၊   လူငယ်များအနေဖြင့်ပညာရေးကဏ္ဍအပြင် စာရိတ္ထကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေးကောင်းမွန်စေရေးနှင့် မိမိတိုင်းပြည်နှင့်လူမျိုးအပေါ် မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ်ဟောပြောပေးသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိသဇင်က လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာ လိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အားကစားကဏ္ဍနှင့်သက်ဆိုင်သည့် အခြေခံအချက်(၄)ချက်တို့ကို ရှင်းလင်းဟောပြောပေးကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)