ထားဝယ် မတ် ၁၉
လူမှုဖူလုံရေးဥပဒေနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ITALIAN-THAI DEVELOPMENT PUBLIC COMPANY LIMITED (ITD)ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့ တာဝန်ခံအရာရှိ ဒေါ်ဥမ္မာမြင့်က ITD ရှိ အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအကြောင်းသိရှိထားရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးစီမံကိန်းသည် အလုပ်သမားများနှင့် အများပြည်သူတစ်ရပ်လုံးအာမခံထားခွင့်ရှိပြီး ထို အာမခံထားသူများအား အခမဲ့ဆေးကုသမှုပေးခြင်း၊ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုအလုပ်တွင် ထိခိုက်မှုတို့အတွက် ငွေကြေးအကျိုးခံစားခွင့်ပြုခြင်းတို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်၊ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်၊ အလုပ် လက်မဲ့အကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များရရှိစေရန် ရည်ရွယ်ကြောင်းနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအကြောင်းသိကောင်းစရာများကို အသိပညာ ပေးဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမော်က အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန က စည်းကြပ်ဆောင်ရွက်လျက်ရှိသော အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၏ ရည်ရွယ်ချက်မှာ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်၊ အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများအား တရားမျှတမှန်ကန်စွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာ ရရှိခံစားနိုင်စေရန်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်ခင်မာဖြူက ပြန်ကြားရေးဝန်ကြီးဌာနက အများပြည်သူများအား ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့် လုပ်ငန်းစဉ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အသိပညာ စာပေဗဟုသုတရရှိစေရန်အတွက် သုတ/ရသ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း၊ ပြည်သူများသိသင့်သိထိုက်သည့် သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများအနေဖြင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)