ထားဝယ် မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အညီ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ITALIAN-THAI DEVELOPMENT PUBLIC COMPANY LIMITED (ITD)ခန်းမ၌ ကျင်းပခဲ့သည်။
ပေးအပ်ပွဲတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တာဝန်ခံအရာရှိ ဒေါ်ဥမ္မာမြင့် က (ITD) အလုပ်သမား ဦးပိုင်စိုးအား အမြဲတမ်းမသန်စွမ်းမှုနှင့် ဆိုင်သည့် ငွေလုံးငွေရင်းကျပ်(၂၂၄၁၇၅၀/-) (ကျပ်နှစ်ဆယ့် နှစ်သိန်းလေးသောင်း တစ်ထောင့်ခုနှစ်ရာငါးဆယ်) အား လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
(ITD)အလုပ်သမား ဦးပိုင်စိုးသည် လုပ်ငန်းခွင်ကအပြန် ဆိုင်ကယ်မတော်တဆ ဖြစ်ပွားခဲ့သည့်အတွက် အလုပ်တွင် ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး အမြဲတမ်းမသန်စွမ်းဖြစ်မှု ငွေလုံးငွေရင်း တောင်းဆိုချက်ကို လူမှုဖူလုံရေးအဖွဲ့က စဉ်စားပြီး သက်ဆိုင်ရာဆေးဘက်ဆိုင်ရာအဖွဲ့မှ ဦးပိုင်စိုး၏ အလုပ်တွင် ဒဏ်ရာရ မှုကြောင့် အလုပ်လုပ်နိုင်သည့် အင်အားဆုံးရှုံးမှု ရာခိုင်နှုန်း(၂၅%) ပေးအပ်ခြင်းကြောင်း၊ ယာယီ မသန်စွမ်းဖြစ်မှုကာလ ၂၈၃ ရက်အတွက် ငွေကျပ် (၆၅၁၁၇၄.၃၉)ကိုလည်း ထောက်ပံ့ပေးထားခဲ့ပြီးဖြစ် ကြောင်း၊ ယခု ထောက်ပံ့ငွေသည် အမြဲတမ်းမသန်စွမ်းဖြစ်မှုအတွက် ထောက်ပံ့ငွေကျပ် (၂၂၄၁၇၅၀/-) (ကျပ်နှစ်ဆယ့်နှစ်သိန်းလေးသောင်း တစ်ထောင့်ခုနှစ်ရာငါးဆယ်) အား ထောက်ပံ့ခြင်းဖြစ်ကြောင်း ထောက်ပံ့ငွေ စုစုပေါင်းအနေဖြင့် ငွေကျပ်(၂၈၉၂၉၂၄.၃၉) ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တာဝန်ခံအရာရှိ ဒေါ်ဥမ္မာမြင့်ထံမှ သိရသည်။
ရွှေပင်လယ်(ထားဝယ်)