ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိ မတ် ၁၉

ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်  ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟောပြောပွဲတွင် ဒက္ခိဏခရိုင် ပညာရေးမှူး ဒေါ်ဝင်းဝင်းအေး က စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က စာရိတ္တ ကောင်းမွန်စေရေး၊ ဗလငါးတန်ပြည့်စုံရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒက္ခိဏခရိုင်အားကစားမှူး ဦးဝေမင်းဟိန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအကျယ်တဝင့် ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်း များ၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)