ကျွန်းစုမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘ အသိပညာပေးသင်တန်း ကျင်းပ

ကျွန်းစု မတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက မိဘများအနေဖြင့် ကလေးများကို ကူညီပံ့ပိုးပေးရန်နှင့် ပူးပေါင်းပါဝင်ခွင့်ပေးရန်အတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိဘအသိပညာပေး သင်တန်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြိတ်ခရိုင်၊ လူမှုဝန်ထမ်းရုံး၊ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက “ပုံမှန်အားဖြင့် ကလေးတွေက (၃ နှစ် မှ ၅ နှစ်) အရွယ်က ဖွံ့ဖြိုးမှု အများဆုံးအရွယ် ဖြစ်ပါတယ်၊ ဖွံ့ဖြိုးမှု အားနည်းမသွား‌အောင် မိဘများအနေဖြင့် မိမိရဲ့ ကလေးများကို ကိုယ့်ရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ပေးဖို့ လိုပါတယ်၊ အချို့မိဘတွေက ကလေးကို အော်တာ၊ ငေါက်တာတွေ ရှိပါတယ်၊ ဒီလိုမလုပ်သင့်ပါဘူး၊ ကလေးတွေအပေါ် စိတ်ရှည်ပေးပါ၊ မိဘနဲ့အတူတူ ဆွေးနွေးပါဝင်ပေးမှသာ ကလေးတွေက ပျော်ရွင် တက်ကြွရဲရင့်လာမှာ ဖြစ်ပါတယ်၊ မူကြိုကျောင်း ပိတ်တဲ့အခါ ကလေးများ စိတ်ငြိမ်အောင် ပန်းချီဆွဲတဲ့ အလေ့အကျင့်ကို သင်ယူပေးလို့ရပါတယ်၊ ဆေးအရောင်စုံနဲ့လည်း ခြယ်ခိုင်းလို့ရပါတယ်၊ ဒါမှ လက်ချောင်းသန်မာ အားရှိလာမှာ ဖြစ်ပါတယ်” ဟု ဆွေးနွေး ပို့ချခဲ့သည်။

ကျွန်းစုမြို့၊ မူလတန်းကြိုကျောင်း၌ အငယ်ဆင့် (၃နှစ် မှ ၄နှစ်) အရွယ်တွင် ကျောင်းသား/သူ (၂၂)ဦး၊ အကြီးဆင့် (၄နှစ် မှ ၅နှစ်)အရွယ်တွင် (၂၆)ဦး၊ စုစုပေါင်း(၄၈)ဦး တက်ရောက်သင်ယူနေပြီး မတ်လ (၃၁)ရက်နေ့တွင် အကြီးဆင့် (၂၆)ဦးအား အတန်းပြီးမြောက်ကြောင်း လက်မှတ်များကို ထုတ်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းရုံးမှ သိရသည်။

စည်သူရအောင်(ကျွန်းစု)