ဆီဆိုင်မြို့၌ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေး

ဆီဆိုင် မတ် ၁၉

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် women Club အဖွဲ့ဝင်တို့ပူးပေါင်း၍ ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လက်တွေ့သင်တန်းပေး ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးကြီးဒဲရယ်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာမမှ ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်ရမည့် ပစ္စည်းများနှင့် ပြုလုပ်နည်း အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ နှင့်အတူ လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်း တတ်မြောက်ထားပါက မိမိကိုယ်တိုင်ပြုလုပ်၍ အဝတ်အထည်များနှင့် အိုးခွက်ပန်းကန်များ လျှော်ဖွတ်ဆေးကြောနိုင်မည့်အပြင် ပြန်လည်ရောင်းချမည့် အဆင့်ထိ ဆောင်ရွက် နိုင်မှာဖြစ်ပြီး တစ်ပိုင်တစ်နိုင် အိမ်တွင်းလက်မှု စီးပွားရေးဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ အခမဲ့ တစ်ရက်တာ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)