ဒေါပုံ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးသရုပ်ပြပွဲများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ ဒေါပုံစျေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်မင်းအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီအရာရှိ ဦးကျော်ထူးချွန်ဝင်းက ဒေါပုံဈေးတွင် ဈေးသူဈေးသားများ ဈေးဝန်ထမ်းများကို မီးဘေးလုံခြုံ အသိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ အပေါ့စား မီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာ ဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ၊ အစိုးရဌာနဆိုင်ရာရုံးများ အပြင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအဖွဲ့ဝင်(၁)၊ မြို့နယ်စီမံအဖွဲ့ဝင်(၂)၊ တောင်ပိုင်းခရိုင်ဈေးများဌာန ဒု ခရိုင်မှူး၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဈေးတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ယဉ်မော်(ပြန်/ဆက်)