ထားဝယ် မတ် ၁၉
၂၀၂၂ ခုနှစ်၊ မြန်မာသက္ကရာဇ်(၁၃၈၃)ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့အစည်းအဝေးသည် လာမည့် (၁၃၈၃)ခုနှစ်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် ပတ်သက်ပြီး ပထမအကြိမ် ပြုလုပ်သော အစည်းအဝေးဖြစ်ကြောင်း၊ ပြီးခဲ့သောနှစ်များက အကြောင်းအမျိုးမျိုးကြောင့် သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကျဆင်းလာပြီး စိတ်ချရသော အနေအထားရှိလာပြီဖြစ်၍ သင်္ကြန်ပွဲတော်နှင့်အတူ စိတ်ပျော်ရွှင်မှု စတင်ရမှာဖြစ်ကြောင်း၊ ယခင်နှစ်များက ပြုလုပ်ကျင်းပသော သင်္ကြန်ပွဲတော်များအတိုင်း ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ်များ၊ ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ စသည်တို့ကို လုပ်ငန်းကော်မတီအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ အများပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် စိတ်ကျဉ်းကြပ်နေခြင်းမှ သင်္ကြန်ပွဲတော်တွင် စရမှာဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်ပြီးပါက ကာကွယ်ဆေး ၁၀၀ % ထိုးနှံနိုင်အောင် လုပ်ကိုင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီများက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ ဗဟိုသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအက စိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်း ထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဘိုးဘွားသက်ကြီးပူဇော်ပွဲကျင်းပရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပရေး၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပွဲကျင်းပရေး စသည်များကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)