ဒဂုံအရှေ့ မတ် ၁၉
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (Covishield) ကာကွယ် ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက၊ ၇ရပ်ကွက်၊ ဒေသန္တရ ကျန်းမာရေးဌာန၊ (၄)ရပ်ကွက် စုပေါင်းဓမ္မာရုံ၊ (၅)ရပ်ကွက်ဓမ္မာရုံများသို့ အရောက်ရပ်ကွက်နေ ပြည်သူများထံ သွားရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်နေရာအဖြစ် (၃)နေရာခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ၇ဒေသန္တရကျန်းမာရေးဌာနတွင် (၂၄)ဦး၊ (၄)ရပ်ကွက် စုပေါင်းဓမ္မာရုံတွင် (၇၁)ဦး၊ (၅)ရပ်ကွက်ဓမ္မာရုံတွင် (၁၁၄)ဦး၊ စုစုပေါင်း(၂၀၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက် ထိုးနှံသူ များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)