ပန်လုံမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံ

ပန်လုံ မတ် ၁၈

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၂)နှစ်နှင့် အသက် (၁၈) နှစ်ကြား ကလေးများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က ပန်လုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ ဆေးရုံစုရပ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ တာဝန်ကျဌာနဆိုင်ရာ များက ကာကွယ်ဆေးထိုးမည့်သူများအားတစ်ဦးနှင့် တစ်ဦး (၆) ပေအကွာ နေရာသတ်မှတ်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းသွင်းခြင်းတို့ကို စနစ်တကျစီစဉ်ကာ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းကို အချိန်တိုအတွင်း ပြီးမြောက်အောင် ဆောင်ရွက် ပေးခဲ့ပါသည်။

ယနေ့တွင် (Corona vac) ဆေးကို အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်ကြား သာမဏေ (၁) ပါး၊ ကျား(၁၁)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၂၈)ဦးကို လည်းကောင်း၊ (Vero) ဆေးကို အသက် (၁၈) နှစ်အထက် ကျား (၅၇) ဦး၊ မ (၄၃) ဦး၊ စုစုပေါင်း (၁၀၀) ဦးတို့ကို ထိုးနှံ ပေးခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပန်လုံ (ပြန်/ဆက်)