ဝေါလေမြိုင်မြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဝေါလေမြိုင်  ဩဂုတ် ၃၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဝေါလေမြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ နံနက် နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီ၊ ဝေါလေမြိုင်မြို့လျှပ်စစ်ဦးစီးမှူး ဦးသီဟ၊ Fu Ku Shu Myanmar ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိများနှင့် ရပ်မိရပ်ဖများက ဝေါလေမြိုင်မြို့ အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆိုလာစနစ်တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ဝေါလေမြိုင်မြို့အတွင်းရှိ နေအိမ်တစ်အိမ်ချင်းစီ၏ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေအား ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)