ကော့သောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆိုင်ရာ မိတ်ဆက် အသိပေးခြင်း အခမ်းအနားပြုလုပ်

ကော့သောင်း  သြဂုတ် ၃၀

ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများအတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထည့်သွင်း ထိုးနှံမည့်အစီအစဉ်အား မိတ်ဆက်အသိပေး ရှင်းလင်းပွဲ အခမ်းအနားတစ်ရပ် ယမန်နေ့နံနက်ပိုင်း က ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကော့သောင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူး ၊ဦးဇော်လင်းထွန်းက အဖွင့်ပြောကြားပြီး ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆရာဝန်ကြီးဒေါက်တာလင်းထိုက်က သားအိမ်ခေါင်း ကင်ဆာရောဂါဆိုင်ရာ သိကောင်းစရာများ၊ ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အသက်အရွယ်အလိုက် သားအိမ်ခေါင်းကင်ဆာရောဂါ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံမှုတွင် ကြုံတွေရနိုင်သည့် အခြေအနေများနှင့် အန္တရာယ်ကင်းရှင်းနိုင်မှုဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ခရိုင်နှင့်မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းများတွင် အသက်အရွယ်အပိုင်း အခြားအလိုက် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထည့်သွင်း ထိုးနှံပေးမည့် လုပ်ငန်းအစီအမံများအားအသိပေးမိတ်ဆက်ရှင်းလင်းပြောကြားသည်။

ယင်းနောက်အခမ်းအနားတက်ရောက်လာသူများက ခရိုင်အတွင်းသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

အဆိုပါကာကွယ်ဆေးအား ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်ကိုးနှစ်ကျော် ဆယ်နှစ်မပြည်မှီအမျိုးသမီးငယ်များအား သြဂုတ်လအတွင်းစတင်ထိုးနှံပေးပြီး  စက်တင်ဘာလအတွင်း ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိမိန်းခလေးငယ်များအား ထိုးနှံပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)