ကော့သောင်းမြို့သို့ပြည်ပမှ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများအားကြပ်မတ် ထိန်းချုပ်မှုများဆောင်ရွက်

ကော့သောင်း  သြဂုတ် ၃၀

ကော့သောင်းခရိုင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးလုပ်ငန်းများ သတိပြုကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းက ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ ပြည်ပမှ တရားမဝင်ပြန်လည်ဝင်ရောက်လာသူများအား ရှာဖွေဖေါ်ထုတ်ကာ အသွားအလာကန့်သတ်စောင့်ကြည့်ထား ရှိကြောင်းသိရသည်။

ပြန်လည်ဝင်ရောက်လာသူများမှာ  ကော့သောင်းဒေသခံ မြန်မာနိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့သည် ပြည်ပတွင် သွားရောက်အလုပ်လုပ် ကိုင်ကြသူများဖြစ်ကာ ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှုလုပ်ငန်းများကြောင့် အလုပ်အကိုင် အခက်အခဲများပေါ်ပေါက်လာသဖြင့် ငါးသယ်ပဲ့ချိတ်လှေကြုံ တစ်စီးဖြင့် ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ငါးလှေဆိပ်မှ ညအချိန် တိတ်တဆိတ် ပြန်လည်ဝင်ရောက် လာခဲ့ကြရာ ရပ်ကွက် တာဝန်ရှိအဖွဲ့အစည်းများဖြင့် ရှာဖွေဖေါ်ထုတ်ကာ အချိန်မှီ တားဆီး ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါပြန်လည်ဝင်ရောက်လာသူအမျိုးသား(၅)ဦးနှင့် ငါးလှေလုပ်သား အမျိုးသား(၁၁)ဦးတို့အား ကော့သောင်းခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မဉ္ဇူသကခန်းမ၌ တွင်Facility Quarantine (၂၁)ရက် ထားရှိ စောင့်ကြည့်ကာ ၎င်းတို့၏ Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီးဓာတ်ခွဲစစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)