တုံတာမြို့၌ ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

တုံတာ ဩဂုတ် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက တုံတာမြို့ရပ်ကွက်-၄ ရှိ တောင်သူ ဒေါ်နန်းကောင်ရှဲန်၏ ရွှေရင်အေး မျိုးစေ့ထုတ်စိုက်ခင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးငြိမ်းထွန်းနှင့် ခရိုင်မြေ၊မျိုး၊ပိုး တာဝန်ခံများ၊ တုံတာမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဇော်ဝင်းမြင့်သန်းတို့က တောင်သူများအား အသိပညာပေးခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းတို့ကို လက်တွေ့ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါမျိုးကွဲနုတ်ပယ်ခြင်းမှာ စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့်ရရှိရေးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ရာ မျိုးစေ့ထုတ် စိုက်ခင်းအားလုံးတွင် စပါးပင်သက်တမ်းတစ်လျှောက်(၃)ကြိမ်ဆောင်ရွက်ရမည်ဖြစ်ပြီး ယခုတစ်ကြိမ်သည် ပထမအကြိမ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)