ချီဖွေမြို့နယ်၌ အာဟာရဆိုင်ရာ ဉာဏ်စမ်းဆုပေးပွဲနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ချီဖွေ သြဂုတ် ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ အာဟာရဆိုင်ရာ ဉာဏ်စမ်းဆုပေးပွဲနှင့် ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ချီဖွေ(အ.ထ.က) ကျောင်း မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ချီဖွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် HPA(Healthy Basket activity) စီမံကိန်းတို့ ပူးပေါင်း၍ အာဟာရဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ဆေးလိပ်၊ ဆေးရွက်ကြီးကင်းစင်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပရာ ချီဖွေမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါတ်တာလင်းလင်းထွန်းက ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်း၊ ကွမ်းစားခြင်းကြောင်း အရွယ်မတိုင်မီ အိုမင်းရင့်ရော်နိုင်ခြင်း၊ ခံတွင်းကင်ဆာ၊ လည်ချောင်း ကင်ဆာဖြစ်နိုင်ခြင်း စသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုင်ရာ အန္တရာယ်၊ ဆိုးကျိုးများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော အာဟာရဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၂၅)ဦး တို့အား ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် HPA(Healthy Basket activity) ဝန်ထမ်းတို့က ကျန်းမာချမ်းသာပျော်ရွှင်ဖို့ အရက်သောက်ခြင်းကို ရှောင်ကြဉ်စို့၊ ဆေးလိပ်၊ ဆေးရွက်ကင်းစင်မှ ရောဂါဘယ ကင်းဝေးရေး အသိပညာပေးလက်ကမ်း စာစောင်များ၊ အဝတ်(mask)များ ပေးဝေခဲ့ကြောင်း သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)