ချီဖွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှု ပံ့ပိုးခြင်းသင်တန်း ပို့ချနိုင်ရန် အဖွဲ့ဖွဲ့စည်း

ချီဖွေ သြဂုတ် ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ဒိုင်းဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက် အတွင်းရှိ လူငယ်များအား အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှု ပံ့ပိုးခြင်း သင်တန်းပို့ချ နိုင်ရန်အတွက်  ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် (၉) နာရီခွဲ အချိန်တွင် အ.မ.က (ဥက္ကပ်)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဒိုင်းဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့မှ တာဝန်ခံဆရာ ဦးလွမ်းဇေက ကျေးရွာဖွံ့ဖြိုးရေး အသက်မွေး ဝမ်းကြောင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုပံ့ပိုးခြင်းသင်တန်း ပို့ချနိုင်ရန်အတွက် ရပ်ကွက်အတွင်း ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာထိန်း၊ စာရင်းကိုင်၊ အဖွဲ့များ ဖွဲ့စည်းပြီး ရပ်ကွက်၊ ကျေးရွာ အတွင်း အလုပ်လက်မဲ့ လူငယ်များအား အကျိုးရှိစေမည့်သင်တန်းကို ကော်မတီဝင်များနှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုမည့် သင်တန်းများ ဖွင့်လှစ်နိုင်ရန်၊ သင်တန်းတက် ရောက်ပြီးသည့် လူငယ်များအနေဖြင့် မိမိရပ်ကွက်၊ ကျေးရွာများအတွင်း ဒေသအကျိုးပြုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်၊ အဖွဲ့ဝင် ကော်မတီများအနေဖြင့် မိမိလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ မိမိဒေသရှိ ဒေသခံပြည်သူများအတွက် အထောက်အကူဖြစ်စေမည့် သင်တန်းကို ရွေးချယ်ဖွင့်လှစ်နိုင်ရန် အတွက် ပြောကြားခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၂၆) ရက်နေ့မှ သြဂုတ်လ (၂၈) ရက်နေ့ထိ ဒိုင်းဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့ တာဝန်ခံက ချီဖွေမြို့ပေါ် ဘာလဲ့၊ ဥက္ကပ်၊ ရစ်လော်ရပ်ကွက်များအတွင်း တစ်ရက်ကွက်လျှင် ကော်မတီအဖွဲ့ဝင် (၄)ဦး ဖွဲ့စည်းခဲ့ပြီး ဒေသခံလူငယ် များအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ စီမံကိန်း လုပ်ငန်းများဖြစ်သည့် ကျေးရွာလူထုဖွံ့ဖြိုးရေး နည်းပညာများ၊ အသေးစား ငွေစုငွေချေး လုပ်ငန်းနည်းပညာများ၊ အလုပ်အကိုင် ဖော်ဆောင်ပေးခြင်း (လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း)၊ အသေးစားစီးပွားရေးနည်းပညာများ စသည့် ဒေသဖွံ့ဖြိုးရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှု ပံ့ပိုးခြင်း နည်းပညာသင်တန်း သင်ကြားပို့ချနိုင်ရန် အချက်အလက်များကို ကော်မတီအဖွဲ့ဝင်များအား ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)