ဖားကန့်၌ ကျောက်ဝိုင်းများအားလုံး အကန့်အသတ်မရှိပိတ်ထား

ဖားကန့် ဩဂုတ် ၂၉                  

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး တစ်မြို့နယ်လုံးမှ ကျောက်ဝိုင်းများအားလုံး အကန့်အသတ်မရှိ ရပ်နားထားရန် စာများကပ်ခြင်းကြေညာခြင်းတို့ ယမန်နေ့က စတင်ပြီး ‌သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖားကန့်ကျောက်ဝိုင်း ကော်မတီအဖွဲ့ဝင် တစ်ဦးက "၂၈ ရက်နေ့ကစ အကန့်အသတ်မရှိပိတ်ဖို့ ဆုံးဖြတ်ထားပါတယ်၊ ကိုယ့်အိမ်မှာကိုယ်နေပြီး အရောင်းအဝယ်လုပ်ပေါ့၊ လမ်းဘေးမှာခုံခင်းပြီး လူစုလူဝေးနဲ့ အရောင်းအဝယ်လုပ်တာမျိုး ခွင့်မပြုတော့ပါဘူး" ဟု ဆိုသည်။

ဆိပ်မူကျေးရွာအုပ်ချုပ်ရေးရုံးမှ ကိုဇုန်းလန်းက "ဆိပ်မူကျေးရွာအုပ်စုအတွင်းက ဆိပ်မူကျောက်ဝိုင်း၊ ဝှေခါ ကျောက်ဝိုင်းနဲ့ မမုံ ညကျောက်ဝိုင်းတွေကို ပိတ်ထားဖို့ လိုက်လံဆော်ဩထားပါတယ်" ဟု ပြောသည်။ ဖားကန့်၌ ပျံကျ ကျောက်ဝိုင်း များအဖြစ် ဖားကန့်ကျောက်ဝိုင်း၊ လုံးခင်း ညကျောက်ဝိုင်း၊ မှော်စီစာ ညကျောက်ဝိုင်း၊ ဆိပ်မူကျောက်ဝိုင်း၊ ဝှေခါ ကျောက်ဝိုင်းနှင့် မမုံညကျောက်ဝိုင်းတို့ ရှိသည်။

အလားတူ မြို့နယ်တွင်းရှိ ဈေးဆိုင်များအားလုံး ကျန်းမာရေးဌာနက ထုတ်ပြန်ထားသောအချက်များကို လိုက်နာမှု မရှိပါက အရေးယူသွားတော့မည်ဖြစ်ကြောင်း ဩဂုတ် ၂၈ ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပ သည့် မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။

"ဆိပ်မူကျေးရွာမှာတော့ ဒီနေ့ပဲစပြီး စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကို အတတ်နိုင်ဆုံး ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ တာဝန်ရှိသူတွေရှေ့မှာပဲ ကတိဝန်ခံလက်မှတ်ရေးထိုးစေပါတယ်၊ သားငါးဈေး သည်တွေလည်း Mask မတပ်ဘဲ ဈေးမရောင်းကြဖို့ သတ်မှတ်အကွာအဝေးကနေဖို့နဲ့ Mask မတပ်ဘဲ အပြင်ထွက်တဲ့သူတွေကိုလည်း ဒဏ်ပေးစနစ်နဲ့ Mask တပ်ခိုင်းပါတယ်" ဟု ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ ကိုဇုန်းလန်းက ပြောသည်။

ဖားကန့်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအဖြစ် မြို့ဝင်/ထွက်ဂိတ်လေးခုဖြစ်သည့် ကာမိုင်းဂိတ်၊ လုံးခင်း (လယ်ပြင်) ဂိတ်၊ ဝှေခါ(မကာပင်)ဂိတ်နှင့် တာမခံ(ဆယ်ဇင်း)ဂိတ်တို့တွင် ကျန်းမာရေးနှင့် ခရီးသွား ရာဇဝင်များ စစ်ဆေးလျက်ရှိပြီး ဂိတ်လေးခုပေါင်း နေ့စဉ်အဝင်ဦးရေ ပျှမ်းမျှစာရင်းအရ လူဦးရေ(၁၈၀၀) ကျော်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဖားကန့်၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ (၁၃)ခု ဖွင့်လှစ်ထားပြီး ရခိုင်ပြည်နယ်မှ လာသူ (၅)ဦးနှင့် ပြည်ပမှ ပြန်လာသူ(၁၉)ဦးကို (၂၁)ရက် အသွားအလာကန့်သတ် စောင့်ကြည့်ထားလျက်ရှိ ကြောင်း သိရသည်။

ဖားကန့်မြို့နယ်သည် ကချင်ပြည်နယ်တစ်ခုလုံးတွင် ရွှေ့ပြောင်းအလုပ်သမားအများဆုံး အခြေချနေထိုင်လျက်ရှိသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားထားသည်။

တာလင်းမောင်(ပြန်/ဆက်)