မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ဆွမ်ပရာဘွမ်-ပူတာအိုကြား ဖုန်အင်ချောင်းကူး ဘေလီတံတားပြုပြင်ပြီးစီး၍ ယာဉ်များဖြတ်သန်းနိုင်ပြီ

ဆွမ်ပရာဘွမ် ဩဂုတ် ၂၉

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ဆွမ်ပရာဘွမ်-ပူတာအိုကြား ဆွမ်ပရာဘွမ်မြို့နယ် အင်ကောမ ကျေးရွာအုပ်စု မိုင်တိုင်အမှတ် (၁၃၈/၆-၁၃၈/၇)ကြား တံတားအမှတ် (၆/၁၄၈) ဖုန်အင်ချောင်းကူး ဘေလီတံတား(၂၃၅)ပေတံတားတွင် ဩဂုတ် ၂၁ ရက် နံနက်(၄) နာရီအချိန်ခန့်က တံတားကျိုးကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါတံတားအား ဩဂုတ် ၂၂ ရက်နေ့မှ စတင်၍ တံတားအထူးအဖွဲ့(၁)မှ အင်ဂျင်နီယာအဖွဲ့များက ကရိန်း(၂)စင်း၊ ဘက်ဟိုး(၁)စီးဖြင့် အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် တံတားပြုပြင် တည်ဆောက် ခြင်းလုပ်ငန်းပြီးစီးပြီဖြစ်ပါ၍ ယာဉ်များစတင် ဖြတ်သန်းခွင့်ပြုခဲ့သည်။ တံတားပေါ်သို့ ယာဉ်များ ဖြတ်သန်းရာတွင် ယာဉ်(၁၅)တန် ဖြတ်သန်းခွင့်ပြုပါကြောင်းနှင့် ယာဉ်ဖြတ်သန်းသွားလာမှုအား စည်းကမ်းတကျ ဖြစ်စေရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)