ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကွမ်းလုံ သြဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)၊ သံလွင်ဆောင်ခန်းမ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ)လားရှိုးမြို့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကွမ်းလုံမြို့နယ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ် (၂၀၀)ဒါဇင်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးအယ်လ်ဇော်ရှမ်လွမ်းက လက်ခံရရှိပြီး အလှူရှင်များမှ ကျပ်(၁၆)သိန်းတန်ဖိုးရှိ Computer နှစ်စုံအား လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးသန့်က လက်ခံရရှိသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အဌမတန်း လူရည်ချွန်ရရှိသော ကျောင်းသူ(၁)ဦးနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူ(၄၇)ဦးနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သော ဆရာမ (၂)ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ(၂၀၁)ဦးအနက် အောင်မြင်သူ (၄၇)ဦး ရှိပြီး နှစ်ဘာသာဂုဏ်ထူး(၁)ဦး၊ တစ်ဘာသာဂုဏ်ထူး(၅)ဦးဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)