ကွတ်ခိုင် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ မြို့မဈေးအတွင်းအပြင်နှင့် မြို့မဈေးအရှေ့ (ပြည်ထောင်စုလမ်းမ)၌ နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြင့် ပြုလုပ် ဆောင်ရွက်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက်နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာဝင့်ဝင့်မြိုင် နှင့် ဝန်ထမ်းများ၊ လူမှုရေး ပရဟိတအသင်းအဖွဲ့များက မြို့မဈေးအတွင်း ဈေးဝယ်လာသော ပြည်သူများနှင့် မြို့အတွင်းဝင်/ထွက်သွားလာသော မိဘပြည်သူများအား အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်၊ မလိုအပ်လျှင် အပြင်မထွက်ကြရန်နှင့် လူစုလူဝေးနေရာများသို့ မသွားရန်အစရှိသည့် ကြိုတင် ကာကွယ်ရေး အသိပညာများ လိုက်လံရှင်းလင်းပြောကြားပြီး ပြည်သူများအား နှာခေါင်းစည်း၂၀၀၀ခုခန့် ဖြန့်ဝေပေးသည်။
ကွတ်ခိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်း ပူးပေါင်းပြီး လူစည်ကားရာနေရာများ၊ မြို့အဝင်/ထွက်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ၊ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး အပူချိန်တိုင်းတာခြင်းများကို အရှိန်အဟုန်မြင့် ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
ကိုမိုင်း(ပြန်/ဆက်)