သံတောင်ကြီးမြို့၌ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

သံတောင်ကြီး   သြဂုတ်  ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် ဒေသန္တရ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ရှင်ယောဟန် ဓမ္မရိပ်သာ၌ ပြုလုပ်သည်။

ရှေးဦးစွာ ကရင်ပြည်နယ် (JMC)အဖွဲ့ဝင် ဦးစောခရစ္စတိုဖာက အမှာစကားပြောကြားပြီး သံတောင်ကြီး အမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချိုက အမျိုးသမီးများအား ယခုကဲ့သို့ ဒေသန္တရခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ခေါင်းဆောင်မှု စွမ်းရည်ကို မြင့်မားလာစေခြင်း၊ အသိပညာများ ရရှိလာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာကာ အမျိုး သမီးများဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ သံတောင်ကြီးမြို့ရှိ ဆွေးနွေးပွဲတက်ရောက်လာသည့် အမျိုးသမီးများက မိမိတို့ ဒေသအတွင်း ဖြစ်ပွားလျက်ရှိသော စီးပွားရေး၊ အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝ ပတ်ဝန်းကျင်၊ အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။

ထိုနောက် အမျိုးသမီးများ၏ ဆွေးနွေးမှုများကို တက်ရောက်လာသော သံတောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝေလင်းဖြိုး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး နော်လော်မူ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်မေဇော်ဝင်းနှင့် အငယ်တန်းအင်ဂျင်နီယာ-၃ နန်းသီရိခိုင်၊ ကရင်ပြည်နယ် (JMC အဖွဲ့ဝင်) ဦးစောခရစ္စတိုဖာနှင့် ဘုန်းတော်ကြီးများက ဆွေးနွေးမှုများအပေါ် ဝိုင်းဝန်းပေါင်းစပ် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပြီး Advancing Community Empowerment(ACE) စီမံချက်၏ ပံ့ပိုးမှုဖြင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့မှ ဦးဆောင်ကာ ရပ်ရွာလူထု အဆင့်တွင် အငြင်းပွားမှုများ လျော့နည်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များကို အထောက် အကူပြုရန်၊ ရပ်ရွာလူထုနှင့် အုပ်ချုပ်ရေး ပိုင်းမှ ခေါင်းဆောင်များနှင့် နားလည်ယုံကြည်မှု ပိုမိုအားကောင်း လာစေရန်၊ရပ် ရွာအတွင်းရှိ အခက်ခဲများကို နားလည်ပြီး ကူညီမှုများ ပေးနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ် ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက် )