ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၅၂)ဦးအား ဓါတ်ခွဲနမူနာများရယူ

ချင်းရွှေဟော်  ဩဂုတ် ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၅၂)ဉီးအား ချင်းရွှေဟော်မြို့၊ မြို့တော် ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း၌ ခေတ္တထားရှိ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုရှိ/မရှိ ဓါတ်ခွဲစစ်ဆေး နိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကုသရေးဉီးစီးဌာနက ၎င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အား ရယူခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းမြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ  အမျိုးသား(၂၁)ဉီး၊ အမျိုးသမီး(၃၁)ဉီး စုစုပေါင်း  နေရပ်ပြန်ပြည်သူ (၅၂)ဦး  သည် တရုတ်နိုင်ငံ ဘက်ခြမ်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသော ပြည်သူများ ဖြစ်ပြီး  ၎င်းတို့အား တရုတ်နိုင်ငံ နယ်ခြားစောင့်၊ လူဝင်မှုစစ်ဆေးရေးဌာနမှ ရဲမှူးလော်ခေး ဦးဆောင်သောအဖွဲ့က  ချင်းရွှေဟော် နယ်စပ်တံတားပေါ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ် ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ ချင်းရွှေဟော်နယ်စပ်စစ်ဆေးရေးစခန်းမှ အဖွဲ့ခေါင်းဆောင် ဉီးကျော်ညွှန့်နှင့် တာဝန်ရှိ သူများက စနစ်တကျ ပြန်လည်လက်ခံခဲ့သည့် ပြည်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဖြစ်ကြပြီး ၎င်းတို့၏ ဓါတ်ခွဲ နမူနာများအား ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကုသရေးဉီးစီးဌာနမှ မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲ မှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရ သည်။

ဇင်ဇင်(ပြန်/ဆက်)