တောင်သာမြို့နယ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်

တောင်သာ ဩဂုတ် ၂၉

၂၀၂၀  ပြည့်နှစ်  နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နံနက်(၉) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး ဦးထိန်လင်းက အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ဆွေးနွေးပြေကြားရာတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးသူရိန်က မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးမှာ အင်အားမလောက်တဲ့အတွက် ညွှန်ကြားချက်နဲ့အညီ အထူးရဲတွေကို ခန့်ထားဖို့ စီစဉ်ထားပြီး မဲရုံတစ်ရုံမှာ အထူးရဲတစ်ဦးနှုန်းဖြင့် မဲရုံ(၃၂၂)ရုံအတွက် အထူးရဲ(၃၂၂)ဦး ခန့်ထားသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်  တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  ရပ်ကွက်/ကျေးရွာစာရေး များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နယ်မြေမှူးတို့နဲ့အတူ မဲစာရင်းမှားယွင်းမှုမရှိအောင် မဲစာရင်း များ လိုက်လံစစ်ဆေးခြင်း၊ ယာယီမဲရုံ တည်ဆောက်ရမယ့် နေရာတွေမှာ ယာယီမဲရုံတည်ဆောက်ခြင်းအပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်က  ယခုပြင်ဆင်ထားရှိပြီးတဲ့  မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ (၂၀)ရက်နေ့တွင် ဒုတိယအကြိမ် တရားဝင် မဲစာရင်းကပ်မှာဖြစ်ပါတယ်။ ပုံစံ(၁၅)ဖြင့် ပြည်ပ နိုင်ငံမှ မဲစာရင်းမှာ (၃၈၂)ဦးထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရုံမှူး သင်တန်း၊ ရပ်ကျေး  သင်တန်း များလည်း ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြဇော်ဦးက သစ္စာစီမံချက်ဖြင့် အခြေခံပညာကျောင်းတွေမှာ (၁၅၂)ကြိမ်၊ ရပ်ကွက်/ကျေးရွာအုပ်စု တွေမှာ(၆၄)ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ကျေးရွာအုပ်စုများကိုလည်း  စက်တင်ဘာလဝက်မတိုင်မီအပြီး ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)