လမ်းမတော်မြို့နယ် UMFCCI တွင် အာရှဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော “မြန်မာ့စီးပွားရေး ဝန်းကျင်ညွှန်းကိန်း - ၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး

လမ်းမတော် ဩဂုတ် ၂၉

လမ်းမတော်မြို့နယ်  UMFCCI  တွင် အာရှဖောင်ဒေးရှင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီပေးမှုဖြင့် “မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း-၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာတွေ့ရှိချက်များကို စာတမ်းပြုစုခဲ့ပြီးဖြစ်၍ ယမန်နေ့တွင် အဆိုပါလေ့လာ တွေ့ရှိ ချက်များကို Power Point Presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူနှင့် အလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြ သည်။

မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း၏ ရည်ရွယ်ချက်မှာ အားလုံးပါဝင် အကျိုးခံစားခွင့်ရရှိပြီး ရေရှည် တည်တံ့သော စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်လာစေရန်နှင့် ဒေသန္တရစီးပွားရေးဆိုင်ရာ အုပ်ချုပ်စီမံမှု စနစ် တိုးတက်ကောင်းမွန် လာစေရန်အတွက်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် စီးပွားရေး ဝန်းကျင်တွင် တွေ့ရှိရသော အဓိကအခက် အခဲများ၊ အတားအဆီးများကို ဖော်ပြပေးပြီး ပြုပြင်ပြောင်း လဲနိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ရန် အကူအညီ ပေးသည်။

အသင်းချုပ်၏ ကူညီပံ့ပိုးမှုဖြင့် အာရှဖောင်ဒေးရှင်းမှ ထုတ်ဝေခဲ့သည့် “မြန်မာ့စီးပွားရေးညွှန်းကိန်း- ၂၀၁၉” သုတေသန လေ့လာတွေ့ရှိချက်များ အစီရင်ခံစာအား အသင်းချုပ်ရှိ အလုပ်အမှုဆောင်အဖွဲ့များ၊ လုပ်ငန်းကော်မတီများနှင့် ညီနောင် အသင်းများသို့ ဖြန့်ဝေပေးနိုင်ခဲ့သည်။

အာရှဖောင်ဒေးရှင်းသည် မြန်မာ့စီးပွားရေးညွှန်းကိန်း (Myanmar Business Environment Index) စီမံ ကိန်းကို သုံးနှစ်စီမံကိန်းအဖြစ် ဓန (DaNa Facility) အဖွဲ့အစည်းမှတစ်ဆင့် ယူကေအပြည်ပြည်ဆိုင် ရာဖွံ့ဖြိုးရေးဌာန(DFID)မှ ထောက်ပံ့သော ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအစည်းအဝေးသို့ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဝင်းစည်သူ၊ ဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်၊ အလုပ်အမှုဆောင် ဦးအောင်ဇေယျာလွင်၊ အာရှဖောင်ဒေးရှင်းနှင့် DaNa Facility မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်