ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲစာရင်းပြည့်စုံမှန်ကန်ရေးနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေး

ဘားအံ ဩဂုတ် ၂၉

ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်မှု တစ်ခုအနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကရင် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ယမန်နေ့ နံနက်(၁၀)နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ မန်းကျော်ဝင်းမောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးမောင်မောင်နိုင်က ကရင်ပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကရင်ပြည်နယ်အတွင်းရှိ ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်၊ ဖာပွန်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်ပွဲ လုပ်ငန်း စဉ်များနှင့် စပ်လျဉ်းပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်း တင်ပြကြပြီး မဲစာရင်းပြင်ဆင်ဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်ပြီး ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်ဆက်)