ဘားအံ သြဂုတ်၂၉
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၁)အဆင့်မြင့် စံပြစျေး၌ စျေးရောင်းချနေသူများ၊ စျေးဝယ်လာသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖြစ်စေရေး ယမန်နေ့ နံနက်(၇)နာရီအချိန်က ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးရောင်းချသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တစ်ဆိုင်နှင့် တစ်ဆိုင်(၆)ပေခွာ၍ စျေးရောင်းချနိုင်ရေး၊ စျေးရောင်းသူ၊ စျေးဝယ်သူများ Mask များ မပျက်မကွက် တပ်ဆင်ကြရေး၊ ပညာပေးခြင်းနှင့် Mask များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့်အချက်အလက်များကို နှိုးဆော်သတိပေးခြင်းများ စဉ်ဆက် မပြတ် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)