သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

သပိတ်ကျင်း ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ကျောက်ကြီးကျေးရွာအနီး ကျောက်ကြီးကုန်း အဆင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး-ဗန်မော်ကားလမ်းမကြီး တကောင်း-(၇)မိုင်ကားလမ်းမ၊ မိုင်တိုင် အမှတ်(၆/၇) နှင့်(၇/၀)အကြား (၇)မိုင်ဘက်မှ တကောင်းဘက်သို့  ရွှေကြက်ယက်၊ အမရပူရမြို့နယ်နေသူ မောင်းနှင်လာသော ဘိလပ်မြေများတင်ဆောင်လာသည် MDY7J/------- (၂၂)ဘီးယာဉ်သည် ကျောက်ကြီးကုန်းဆင်း အရောက်၌ အရှိန် မထိန်းနိုင်ဘဲ လမ်းမပေါ်သို့ လဲကြတိမ်းမှောက်ခဲ့သည်။ ၎င်းယာဉ်ပေါ်တွင် ယာဉ်မောင်း(၁)ဦးနှင့် အတူလိုက်ပါလာသူ (၁)ဦးတို့ပါရှိပြီး အတူလိုက်ပါလာသူသည် သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယာဉ်မောင်းသည် ခြေသလုံးရိုးကျိုးသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။

“ဒီနေရာက နယ်မြေမကျွမ်းကျင်တဲ့ ကားဆရာတွေ သတိထားရမယ့်နေရာပါ၊ အန္တရာယ်ကုန်းဆင်းလို့ ခေါ်နိုင်ပါတယ်၊ နှစ်စဉ်လူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရလို့ သတိပေးဆိုင်းဘုတ်တွေလဲ ရှိပါတယ်၊ ဒါကြောင့် ဒီနေရာ ရောက်ရင်တော့ သတိထားပြီး ဆင်ဆင်ခြင်ခြင်မောင်းရင်တော့ အန္တရာယ်ကင်းမှာပါ” ဟု ဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား သပိတ်ကျင်းမြို့၊ မြို့မရဲစခန်းမှ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)