ဆွမ်ပရာဘွမ် ဩဂုတ် ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မကျန်းမာသော မွေးစမှ ၅ နှစ်အောက်ကလေး ပေါင်းစည်း ကုသခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး၊ ၅ နှစ်အောက် ကလေးတွေ သေဆုံးမှုလျော့နည်းစေရေး၊ ကျေးလက်ကျန်းမာရေးဌာန လွှမ်းခြုံမှု မပေးနိုင်သော ကျေးရွာ များတွင် သင့်တော်သော ကုသမှုပေးနိုင်စေရေး၊ အရေးကြီးသော လူနာများကို အချိန်မီ လွှဲပြောင်းပေးပို့နိုင်ရေး ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ယွန်တောင် က ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဩဂုတ် ၂၆ ရက်မှ ၂၈ ရက်နေ့ထိ (၃) ရက်ကြာ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသို့ ကျေးရွာ အုပ်စု(၉)အုပ်စု မှ သင်တန်းသူ ၁၃ ဦး တက်ရောက်ကြောင်းနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ယွန်တောင် နှင့် သားဖွာဆရာမ ဒေါ်စမ်းနန္ဒာအေးတို့က သင်တန်းပို့ချပေးခဲ့ကြောင်း သိရှိရသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)