ကော့သောင်းခရိုင် ပြန်/ဆက်မှ COVID-19 ရောဂါကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကော့သောင်း သြဂုတ် ၂၉

ယနေ့ကမ္ဘာနိုင်ငံများတွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် COVID-19 ရောဂါ ကူးစက်ဖြစ်ပေါ်နေမှုများအား ထိန်းချုပ်နိုင်ရေးနှင့် သတိပြုဆင်ခြင် နိုင်ရေးအတွက် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် COVID-19 အသိပညာပေးနံရံကပ်ဘုတ်များ ယနေ့နံနက်ပိုင်းက စတင်၍ ခင်းကျင်းပြသ ဆောင်ရွက်ထားကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေသည် မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိသူများကို တွေ့ရှိလာနေရပြီးဖြစ်သဖြင့် မိမိတို့ မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်ရေး ခရိုင်ရုံးစာကြည့်တိုက်သို့ လာရောက် မည့် ပြည်သူများ COVID-19ရောဂါဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ကြိုတင် ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ရောဂါ ကူးစက်မှု မဖြစ်ပွားရေး ရှောင်ရန်၊ ဆောင်ရန်များ၊ လက်ဆေးကြသည့် အလေ့အထပြည်သူများအကြား ကျင့်သုံးကြရေး၊  လက်ရှိကမ္ဘာနိုင်ငံ အသီးသီးတွင် ဖြစ်ပေါ်နေသည့် အခြေ အနေများနှင့် မြန်မာနိုင်ငံအတွင်း ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် သတင်းအချက်အလက် များအား အသိပညာပေး ဖေါ်ပြရိုက်နှိပ် ထားသည့် COVID-19  ရောဂါကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ် စာစောင်နှင့် ဓာတ်ပုံများအား ဗီနိုင်းပိုစတာကြီးများဖြင့် ဦးစီးဌာန၏ မြေစိုက်နံရံကပ်ဘုတ်အပြင် သီးခြားလေးပေရှစ်ပေအရွယ် မြေစိုက် နံရံကပ်ပြဘုတ်သုံးခု ထပ်မံစီစဉ်ကာ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအသိပညာပေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)