ညောင်ဦး ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသအမှူးပြုသော ပုညကာရီ ပရဟိတ အသင်းအဖွဲ့မှ ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာရှိ ခိုကိုးရာမဲ့ မသန်စွမ်း အဘိုးအဘွားများအတွက် ယမန်နေ့ ညနေ ပိုင်းက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကြက်ဥများ ဒါနပြု လိုက်လံပေးဝေလှူဒါန်းခဲ့ကြောင်း ပုညကာရီပရဟိတ အသင်း ထံမှ သိရသည်။
အဆိုပါ ပုညကာရီပရဟိတအသင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာရှိ မသန်စွမ်းအဘိုးအဘွားများနှင့် မရှိနွမ်းပါးသူ (၄၀) ဦးတို့အား တစ်ဦးလျှင် ဆန် သုံးပြည်၊ ဆီ တစ်ပိဿာ၊ ဆား တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာနှင့် ကြက်ဥ(၃၀)လုံးစီ ထောက်ပံ့ လှူဒါန်းပေးခဲ့သည်။
ထိုသို့ လှူဒါန်းနိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်ရှိ ကုသိုလ်ရှင်များက အွန်လိုင်းမှတစ်ဆင့် ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်း ဖြစ်ပြီး ညောင်ဦးမြို့ ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသ အမှူးပြုသည့် ပုညကာရီပရဟိတ အသင်းအဖွဲ့များမှ လုပ်အားဒါနကုသိုလ်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း ပရဟိတအသင်းဝင် ဦးဇော်ဇော်ထံမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)