မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာလေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ၅၃ ရာခိုင်နှုန်းပြီးစီး

မိတ္ထီလာ သြဂုတ်  ၂၉

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာ လေးရွာ တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်း ၆၀ ကျော်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများနှင့် မြေသား ရေကန်တူးဖော်ခြင်းလုပ်ငန်းမှာ ၅၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီတွင် သောက်သုံးရေ လိုအပ်ချက် မရှိစေရန် စက်ရေ တွင်း တူးဖော်ခြင်းလုပ်ငန်း၊ မြေသားရေကန်များ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကန်သာအေး၊ သဲတော၊ လဲတော၊ မယ်ဇလီပင်ကျေးရွာတို့တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် သန်း (၆၀.၀၆၆)ဖြင့် တင်ဒါအောင်မြင်သည့် Four G Co;Ltdမှ တာဝန်ယူ၍ ဇူလိုင်လတတိယပါတ်မှ စတင်၍ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန် တည်ဆောက် ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့်   မြေသား ရေကန် တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့  ဆောင်ရွက်ရာတွင်  လဲတောကျေးရွာတွင် အကျယ် ၄ လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း ၊ အကျယ် ၅ ပေ ပတ်လည်၊ အမြင့် ၇ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကန်သာအေး ကျေးရွာတွင် အကျယ် ၄ လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေတင်စင်တည်ဆောက်ခြင်း၊ အကျယ် ၅ ပေ ပတ်လည်၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် သဲတောကျေးရွာတွင် အကျယ် ၄ လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ အကျယ် ၅ ပေ ပတ်လည်၊ အမြင့် ၇ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် မယ်ဇလီပင်ကျေးရွာတွင် အလျား ပေ ၂၇၀ ၊ အနံ ပေ ၂၂၀ ၊ အနက် ၅ ပေရှိ မြေသားရေကန် အနက်နှိုက်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်းသင်းနှင့် တာဝန်ရှိသူများက သြဂုတ်လ ၂၇ ရက်နေ့က ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို  စစ်ဆေး ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)