နောင်မွန်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ပညာပေးဟောပြောပွဲကျင်းပ

နောင်မွန် သြဂုတ် ၂၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် MAM (Medical Action Myanmar) တို့ ပူးပေါင်း၍ ကျင်းပသောအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက မိခင်၏ကျန်းမာရေး၊ ကလေးကျန်းမာရေးဟာ အလွန်အရေးကြီးကြောင်း အာဟာရအုပ်စုမျှတစွာ စားရန်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များအတွက် အာဟာရမြှင့်တင်ရေး ပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးနေသည်မှာ ၂၀၁၃ ခုနှစ်ကနေ စတင်ခဲ့ရာ ယခုနှစ်ဆိုလျှင်(၈)နှစ်ရှိခဲ့ပြီ ဖြစ်ကြောင်းနှင့် အာဟာရမျှတစေရန် အစာအုပ်စု(၃)ခုလုံး ပါဝင်အောင် စားရန် သို့မှသာ သက်ရှည်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။  

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရန်ပိုင်စိုးက ယခုလိုပညာပေးဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအနေဖြင့် အာဟာရဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ကျန်းမာရေးဗဟုသုတများ ရရှိစေရန်၊ ကျန်းမာရေးနှင့်လျော်ညီသော အပြုအမူကောင်းများ ကျင့်သုံးစေ ရန်၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်စေရန်ဖြစ်ကြောင်း ပြောကြား သည်။ 

ဆက်လက်၍ တဘူဒမ်းကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမ ဒေါ်မေဇွန်ဖြူက ပထမအပတ် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အကြောင်းကို ရှင်းလင်းခြင်း၊ ပန်နန်းဒင်ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ဆရာမ ဒေါ်သူဇာဝင်းမှ ဒုတိယအပတ် ငါးနှစ်အောက်ကလေးများ၊ ကျောင်းနေအရွယ်ကလေး များနှင့် လူငယ်များ၏ အာဟာရဖွံ့ဖြိုးရေးကဏ္ဍကို ရှင်းလင်းခြင်း၊ မခွမ်ကန်ကျေးလက်ကျန်းမာရေးဌာန မှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မခွမ်ကန်ဇမီဆာရ်းမှလည်း တတိယအပတ် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထအပတ် အိုင်အိုဒင်းချို့တဲ့မှုရောဂါများ ပပျောက်ရေးနှင့် အစာတွင် အဏုအာဟာရဖြည့်စွက်ရေး စသည့်အကြောင်းများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော မိခင်များမှ သိလို‌သော မေးခွန်းများမေးကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ ပူတာအိုခရိုင် Medical Action Myanmar (MAM)မှ စီမံချက် ဆေးပညာတာဝန်ခံ ဆရာ ဦးမျိုးလှိုင်ဝင်း ကလည်း လိုအပ်သည်များကို ထပ်မံဖြည့်စွက်ရှင်းလင်းခြင်း၊ နောင်မွန်မြို့နယ် Medical Action Myanmar (MAM)မှ ဒေါက်တာထက်ဝေယံစိုးဝင်းက အာဟာရချို့တဲ့ကလေး အရိုးပျော့ရောဂါ အကြောင်းကို ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)