ဆီဆိုင်မြို့နယ်၌ ကျေးရွာအရောက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဆီဆိုင်    ဩဂုတ်      ၂၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင်ကျေးလက်ဈေးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19)ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နေ့လည်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးရာတွင် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဝင်များက ဆိုက်ခေါင်ကျေးလက် ဈေးအတွင်း/ အပြင်၌  ဈေးရောင်းချနေသူများနှင့် ဈေးဝယ်သူ မိဘ ပြည်သူများ၊ ဆိုက်ခေါင်-ကျောက်တလုံးလမ်းဆုံ၌ သွားလာသော ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုစနစ်တကျဆေးကြောပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)