ဆီဆိုင်မြို့နယ်၌ စွမ်းဆောင်ရည်မြင့်သော အမျိုးသမီးများ ပေါ်ထွက်လာစေရန် အမျိုးသမီး ခေါင်းဆောင် မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဆီဆိုင်     ဩဂုတ်     ၂၈

 

ကျေးလက်နေပြည်သူများနှင့် ဌာနဆိုင်ရာများ ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုအားကောင်း လာစေရန်၊ ကဏ္ဍ အသီးသီးမှ စွမ်းဆောင်ရည်မြင့်သော အမျိုးသမီးများ ပေါ်ထွက်လာစေရန်နှင့် လူငယ် အချင်းချင်း ကွန်ယက်ချိတ်ဆက်ပြီး လုပ်ငန်းဆောင်တာများအတူတကွလုပ်ဆောင်လာနိုင် စေရန် ရည်ရွယ်၍ မာဃဖွံ့ဖြိုး ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် နာရီခွဲက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ ကန့်တန်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မာဃဖွံ့ဖြိုးရေးအဖွဲ့နာယက ဦးခွန်မောင်စိုးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ ဒေါ်ဒုံစေ့တို့က အမှာစကားပြောကြားကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်ခမ်းက  အမျိုးသမီးခေါင်းဆောင်မှု အခန်းကဏ္ဍလို့ ဆိုတဲ့အခါမှ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အမျိုးသားများကသာ အခန်းကဏ္ဍတော်တော်များများ ပါဝင်နေကြတာကို တွေ့ရတယ်၊ လူမူအသိုင်းအဝိုင်းထဲမှာ ကျား-မအပေါ် အခြေခံပြီး ပုံစံသွတ်သွင်းမှု တွေဖြစ်တဲ့ လူနေမှုပုံစံက အမျိုးသမီးထုအပေါ်မှာ ခွဲခြားဆက်ဆံမှု ဖြစ်စေသလို အကြမ်းဖက်မှု များလည်း ဖြစ်လာတာကို တွေ့ရပါကြောင်း၊ ခေါင်းဆောင်မှုပိုင်းမှာလည်း အမျိုးသမီးပါဝင်မှု အားနည်းနေတာကို တွေ့ရပါကြောင်း၊ ဒီကနေ့ပြုလုပ်တဲ့ အမျိုးသမီးခေါင်းဆောင်မှုအလုပ်ရုံ ဆွေးနွေးပွဲမှာဆိုရင် အမျိုးသမီးများ အမျိုးသားများနှင့် တန်းတူပါဝင်နိုင်ဖို့ အားဖြည့်စေတဲ့ အစိတ်အပိုင်းတစ်ခုလဲ ဖြစ်ပါကြောင်း၊ ဒါကြောင့် အခန်းကဏ္ဍပေါင်းစုံတွင် အမျိုးသားနှင့် အမျိုးသမီးတန်းတူပါဝင်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်မည်ဆိုရင် အလုပ်ပြီးမြောက်မှုလည်း ပိုမိုမြန်ဆန်လာမည် အမျိုးသမီးများ ကိုယ်တိုင် လည်း အမျိုးသားများနှင့် တန်းတူပါဝင်လာရေးကို တက်တက်ကြွကြွပါဝင်ဖို့၊ ကြိုးစားဖို့ အလွန်လိုအပ် ပါကြောင်း၊ ပြောကြားသည်။

အဆိုပါ အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲကို ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၁၈)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ဦးဖြင့် အမျိုးသမီးအခွင့်အရေးများကို သိရှိ နားလည်စေခြင်း၊ ရပ်ရွာရှိလုပ်ငန်းများတွင် အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲများ ဖော်ထုတ် ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ အတူတကွ ဖော်ထုတ်ခြင်း စသည်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကို ဩဂုတ် ၂၈ ရက်မှ ၂၉ ရက် နေ့ထိဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)