မိုင်းဆတ်မြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် စီးပွားရေးကုစားမှုအစီအစဉ်(CERP )အရ မိုးစပါးမျိုးစေ့ ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မိုင်းဆတ် ဩဂုတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလွင်က အမှာစကား ပြောကြားပြီး မြို့နယ် ဦးစီးမှူး ဦးနိုင်လင်းက စိုက်ပျိုးစရိတ်နှင့် မျိုးစေ့ဖိုးထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်ကို လည်းကောင်း၊ ဦးစီးအရာရှိ ဦးဝင်းမြတ်ဇော်က မျိုးကွဲနုတ်ပယ်ခြင်းနှင့် ခြောက်တန်း တစ်တန်းလှပ် စိုက်ပျိုးနည်းကို လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက သီးနှံဖျက်ပိုးမွှားအန္တရာယ်ကာကွယ်နှိမ်နင်းနည်းများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဝိန်းနေကျေးရွာအုပ်စုမှ RS to CS မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၇)ဦးအား  တစ်ဧကလျှင် မျိုးစပါးအတွက် ကျပ်(၈၅၀၀)နှုန်းနှင့် စိုက်ပျိုး စရိတ်အတွက် ကျပ်(၇၅၀၀၀) နှုန်းဖြင့် စုစုပေါင်းဧက (၁၄.၆)ဧကအတွက် ငွေကျပ်(၁,၂၅၂,၅၀၀)ကို  ခရိုင်ဦးစီးမှူး ဦးထွန်းလွင်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဝန်ထမ်းများက တက်ရောက်လာသော တောင်သူများအား အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်