ဘားအံမြို့တွင် လူသတ်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်း တရားခံများအား ဖော်ထုတ်ဖမ်းဆီး

ဘားအံ ဩဂုတ် ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၁၅၁) လျှပ်/စက်တပ်ခွဲအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က လူသတ်မှုတစ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အိပ်ယာပေါ်သို့ထမင်းဖိတ်သည့်ကိစ္စနှင့်ပတ်သက်၍ မကျေနပ်သဖြင့် တစ်ယောက်တစ်ခွန်းစကားများကြရာမှ အောင်ကိုကို (ခ) ကိုလတ်နှင့် ငတေတို့မှ ချွန်ထက်သည့်အရာဖြင့်ထိုးသဖြင့် အလုပ်သမားခေါင်းဆောင် ကိုကျော်ဆန်းဝင်းတွင် ရင်ညွန့်ယာဘက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက်နားရွက်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးမင်းသိန်းတွင် ဝဲဘက်ဝမ်းဗိုက်ဓားထိုးသွင်းဒဏ်ရာ (၂) ချက်၊ ကိုရဲထွန်းတွင် ယာဘက်ခါးပြတ်ရှဒဏ်ရာ(၁)ချက် အသီးသီးဒဏ်ရာများရရှိခဲ့ပြီး ဦးမင်းသိန်းမှာ ထိုးသွင်းဒဏ်ရာများဖြင့် ဆေးရုံတင်ပို့နေစဉ် သေဆုံးသွားခဲ့သည်။

တရားခံများဖမ်းဆီးရမိရေး ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ညွှန်ကြားချက်အရ မှုခင်းအကူဌာနစုမှ ရဲအုပ် စိုင်းကျော်သီဟအောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုင်းဝဏ္ဍအောင်ဦးစီးသောနယ်ထိန်းတပ်ဖွဲ့ဝင်များက ဘားအံမြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ကျက်ရှာဖွေရာ ည ၁၀ နာရီအချိန်တွင် တရာခံနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တရားခံများအား ဘားအံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)