တာမွေမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်ညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်  ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကူးစက် ပျံ့နှံခြင်းမှ ကင်းဝေး စေရန်အတွက်  ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက "မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ သည့် အခါများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အကျင့်များ လျော့နည်းလာသည့်အတွက် အသိပညာပေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ထပ်မံဆောင်ရွက်ရမည်ဖြစ်ပြီး ပညာပေးကာလ ပြီးဆုံးသွားပါက အရေးယူမှုများကို ထိရောက်စွာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ စျေးများတွင်လည်း  နှာခေါင်းစည်း(Mask) တပ်ဆင်၍ ရောင်းဝယ်မှုများ ဆောင်ရွက် ကြရန် သက်ဆိုင်ရာ စျေးတာဝန်ခံများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များ ပူးပေါင်း၍ ကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါ့အပြင် ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းတွေကို သိရှိစေဖို့အတွက် အသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရာမှာ ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြဖို့ များစွာလိုအပ်ပါကြောင်း " စသည်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းနှင့် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်တို့က မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက် လာကြသော မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များက သက်ဆိုင် ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)