ကျောက်တန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

ကျောက်တန်း  ဩဂုတ်  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရတနာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြား ရာတွင် “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အစည်းအဝေးကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆောင်ရွက်ချိန် နှောင့်နှေး ခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ်အရ  အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ ကြောင်း၊ ကလေးသူငယ် အခွင့်အရေးများကို အကြောင်အထည်ဖော် ဆောင်ရွက်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီနဲ့ လုပ်ငန်းကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ကို လည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်းများတွင် ကလေးသူငယ်များအတွက် အကောင်းဆုံး အခွင့်အရေးရစေရန် ဆောင်ရွက် ပေးစေလိုပါကြောင်း ”ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန  ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးထိုက်က  မိမိတို့ဦးစီးဌာန အနေဖြင့်  မိဘမဲ့ ကလေး များ၊ စွန့်ပစ်ခံကလေးများ၊ လမ်းပေါ်နေကလေးများနှင့် ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသော ကလေးများ၊ ပြစ်မှု ကျူးလွန်သူ နှင့် ကျူးလွန်ခံရသည့် ကလေးများ ဆက်လက်ပညာ သင်ကြားနိုင်ရေး၊ ကလေးအလုပ်သမားများအရေး ဆောင်ရွက် ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြား ခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေး တက်ရောက်လာသူများက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်း ရာ လူမှုဝန်ထမ်းဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးထိုက်က  မေးမြန်းမှုများအား ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)