သပိတ်ကျင်း ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် သပိတ်ကျင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းများကို ကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး လိုက်နာရမည့်စည်းကမ်းချက်များ၊ ရရှိနိုင်မည့်အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ပြည်သူများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးမှ ဒေသအတွင်းကလေးသူငယ်များ၏အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကလေးသူငယ်အခွင့်အရေးနှင့်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသည့်ကော်မတီဝင်များမှ အားလုံးပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းများအောင်မြင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)(ပြန်/ဆက်)