မိုင်းပန် သြဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့ နံနက် (၁ဝ) နာရီအချိန်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီဝင်များ စုပေါင်း၍ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး လတ်တလော ဆောင်ရွက်နေသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်ခိုင်မှ လတ်တလောတွင် ပြည်တွင်း၌ ကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာသည့် COVID-19 ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာ အချက်အလက်များ၊ မိုင်းပန်မြို့နယ်တွင် ပြည်ပနိုင်ငံများနှင့် ရောဂါဖြစ်ပွားသည့် ပြည်တွင်းမြို့များမှ နေရပ်ပြန် ပြည်သူများအား Quarantine ထားရှိရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကော်မတီဝင်များ သိရှိနိုင်စေရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကော်မတီဝင်များမှ လတ်တလောဆက်လက်ဆောင်ရွက်မည့် Mask Campaign နှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအတွက် လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါကော်မတီကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦး မှ နာယကများအဖြစ် ဆောင်ရွက်ပြီး ဌာနဆိုင်ရာအကြီးအကဲ (၂၃) ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)