ကွမ်းခြံကုန်း ဩဂုတ် ၂၈
(၂၀၂၀)ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ဆောင်ရွက်မှုများကို ရန်ကုန်တောင်ပိုင်း ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာစာရေး များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုကို ဇူလိုင်(၂၅)ရက်မှ ဩဂုတ်(၁၄)ရက်နေ့အထိ ဆောင်ရွက် ခဲ့ရာ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ (၃၂၈၆၈)ဦးရှိပြီး မဲစာရင်းတွင် အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၁၃၃၅) ဦး၊ မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၂၈၀)ဦး၊ မဲစာရင်း၌ ကိုယ်ရေး အချက်အလက်များ မှားယွင်းနေ၍ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လျှောက်ထားသူ(၇၂၂)ဦးရှိကြောင်း သိရသည်။
လျှောက်ထားလာသူများ၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း ရပ်ကွက်(၇) ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၄၃)စု၊ ကျေးရွာခွဲပေါင်း (၁၃၅)ရွာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၈၄၂၀)ခန့်ရှိပြီး မဲရုံပေါင်း(၁၈၀)ရှိကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)