သာစည်မြို့မဈေးကြီးတွင် နှာခေါင်းစည်းများဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး

သာစည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် ကိုဗစ်-၁၉  ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီက သာစည်မြို့မဈေးကြီးနှင့် ယာယီပျံကျဈေးတို၌  နှာခေါင်းစည်းများ  ဖြန့်ဝေပေးပြီး  စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉  ကြိုတင်ကာကွယ်  ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ဈေးရောင်း ဈေးဝယ် များအား နေအိမ်ပြင်ပသို့ ထွက်ခွာ တိုင်း နှာခေါင်းစည်း စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန် အသိပညာပေး တိုက်တွန်းပြောကြားပြီး နှာခေါင်းစည်း အခု ၅၀၀ ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉  ကူးစက်ပျံ့နှံ့မှုမရှိစေရန် သတိပေးနှိုးဆော်ပန်ကြားချက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ပြည်သူများသိရှိစေရန် ထပ်မံအသိပေးကြေညာချက်နှင့် ရောဂါကာကွယ်ရေး နည်းလမ်းများကိုလည်း အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ထွန်းထွန်း(ပြန်/ဆက်)